“ချစ်တီးခေါင်းမှာ သန်းရှာခြင်း” - Find weekly Horoscope in my blog

December 15, 2015

“ချစ်တီးခေါင်းမှာ သန်းရှာခြင်း”

တနေကုန် အလုပ်ထဲမှာ ငုတ်တုတ်မတ်တတ် လတ်လျားလတ်လျားလုပ်နေရတာ ထမင်းတောင် ညနေ ၄ နာရီလောက်မှ ညစာ မနက်စာ ပေါင်းပေါင်းစားရတာ များပါတယ်။ အကျင့်ရနေပြီမို့ ထူးထူးထွေထွေ ဆာတယ် မဆာဘူး သတိမထားမိတော့ပါဘူး။ ဆာတဲ့အချိန်စားရတာ ဘာစားစားကောင်းတယ် မဟုတ်လား။ ဝတော့မယ့် လက္ခဏာ ထင်ပါရဲ့။ ဒီနေ့တော့ ပိုလို့တောင် စားကောင်းသောက်ကောင်း ရှိလာသေး။ ချစ်တီးထမင်း သွားစားတယ်လေ။ ပဲဟင်းတွေ မြုတ်နေအောင် ဆမ်းစားတာပေါ့။ ငရုတ်သီးတောင့်ကြော်ကလေးကိုက်လို့ သံပုရာသီး ကလတယ်ကလေးနဲ့ မနုတာနီဟင်းရည်လေး သောက်သောက်ပြီးစားတာ။ ပါပရာကြော်ကလေးရော။ သက်သတ်လွတ်တော့ မစားပါဘူး။ သူများတွေ ဘောမမနေတာ အမြင်ကပ်လို့ ဖိုက်တင်းဘောနဲ့ စားတယ်လေ။ ထမင်းပူပူ ဟင်းပူပူနဲ့ဆိုတော့ ခါတိုင်းလို တစ်ပန်းကန်နဲ့ ရပ်လို့မရတော့ဘူး။ ဗိုက်ကြီးကားပြီး ချွေးတွေပျံလာမှ မလိုင်လုံးမလိုင်ပြားကလေးတွေ အချိုတည်းပြီး အိမ်ပြန်ထမင်းလုံးစီရတာ စည်းစိမ်အပြည့်ပဲ။ အောက်ထပ်မှာ ကာရိုဆင်းဂင်းလာတဲ့ ခရစ်စမတ်သီချင်းသံကလေးတွေ နားထောင်ရတာလည်း သာသာယာယာပဲ။ အိပ်မလို့ဟာတောင် အိပ်မပျော်တော့ပဲ ကိုယ်ရတဲ့စည်းစိမ်ကလေး မှတ်တမ်းတင်ထားဖို့ စာထရေးရတယ်။ လက်စသတ်တော့ ကိုယ့်လျှာကိုယ့်စရိုက်ဟာ မဇ္ဈိမဒေသနဲ့ တယ်နီးစပ်ပါကလား။ ဘယ်အချိန်ကတည်းက သူတို့နဲ့ ရင်းနှီးနေမှန်း မသိပါဘူး။
ချစ်တီးထမင်း လို့ ကိုယ်တို့သိထားတဲ့ အိန္ဒိယတိုင်းသားဟင်းလျာတွေဟာ တကယ်တော့ အိန္ဒိယတောင်ပိုင်းသားတွေရဲ့ စားဖွယ်သောက်ဖွယ်တွေပါတဲ့။ နိုင်ငံခြားရောက်တုန်းက စားခဲ့ရတဲ့ Nepalese Restaurant ဆိုတာတွေက ချစ်တီးထမင်း မဟုတ်ဘူး။ နီပေါထမင်းလို့ ပြောရင်လည်း နားလည်မှာ မဟုတ်ဘူး။ နီပေါသားတွေကို ကိုယ်တို့ဆီမှာ ဂေါ်ရခါးလို့ ခေါ်တယ် မဟုတ်လား။ ရှမ်းပြည်မှာ စူကာသီး လို့ခေါ်တဲ့ ဟင်းသီးဟင်းရွက်တမျိုးကို ဂေါ်ရခါးသီးလို့ခေါ်တာဟာ အဲသည်လူမျိုးတွေ သယ်လာခဲ့လို့လား လို့ စဉ်းစားမိတယ်။ မေမြို့ပတ်ဝန်းကျင်တဝိုက်မှာ နွားတွေမွေး၊ မလိုင်၊ ထောပတ် နဲ့ နို့ဆီလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်ခဲ့ကြတာ အဲသည် ဂေါ်ရခါးတွေပါပဲ။ ကိုယ်တို့ကလေးဘဝတုန်းက ထောပတ်၊ ဒိန်ခဲ၊ ဒိန်ချဉ်ဆိုတာ သူတို့လူမျိုးတွေပဲ ကောင်းကောင်းကန်းကန်း လုပ်တတ်တယ်။ အိမ်ကိုနွားနို့ပို့တဲ့ ကုလားကြီးတွေဆိုလည်း မုတ်ဆိတ်ဖားဖား လက်မွှေးရှည်ရှည်ကြီးတွေနဲ့။ သူတို့ခေါင်းပေါ်က ဒန်အိုးကြီးထဲကနေ နွားနို့ဖွေးဖွေးတွေ ခပ်ခပ်ရောင်းတာ မြင်ဖူးထားလို့ ကိုယ်ငယ်ငယ်တုန်းက နွားနို့မသောက်ဘူး။ သူတို့လက်က အမွှေးတွေ ကျွတ်ပါလာရင် ဘယ်လိုလုပ်မလဲဆို တွေးတွေးကြောက်နေလို့။ ဒါပေမယ့် သူတို့လုပ်တဲ့ မလိုင်မုန့်လေးတွေကျတော့ မစားပဲ မနေနိုင်ပါဘူး။ ငှက်သိုက်မုန့် လို့ခေါ်တဲ့ အမျှင်အမျှင်နဲ့ မုန့်ကလေးတွေလည်း ကြိုက်တယ်။ လဒူမုန့်၊ ဂျလေဘီ၊ မုန့်တိုဆမ်း၊ ကျာနဂျို၊ တိုရှည်၊ ချပါတီ၊ ပလာတာ၊ နံပြား၊ ပူရီ၊ ဘယာကြော်၊ မတ်ပဲကြော်၊ ကလေးဘဝကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မုန့်ပဲသွားရည်စာတွေဟာ မာမူကြီးတို့ ဘာဘူကြီးတို့ဆီက မုန့်တွေချည့်ပါပဲ။ ခရစ်စမတ်ဘိုးဘိုးကြီးကို ကာတွန်းထဲမှာပဲ မြင်ဖူးပေမယ့် အပြင်မှာ ရင်းရင်းနှီးနှီး ရှိနေတာကတော့ ဆရာတော်ဘုရားရော ဘယာကြော်ကုလားရော အတူတူပဲ။
ခေါင်းပေါ်မှာ ဘောင်းထုပ်အကြီးကြီးတွေပေါင်းတဲ့ ဆစ်လူမျိုး ပန်ချာပီတွေလည်း ထမင်းစားတဲ့အခါ ချစ်တီးထမင်းလိုပဲ ငှက်ပျောဖက်ခင်းပြီး ပဲဟင်းရည်လောင်းစားကြပါတယ်။ သူတို့နဲ့ ကိုယ်နဲ့တူတာကတော့ ဇွန်းတွေ ခက်ရင်းတွေ တူတွေ ပန်းကန်တွေ မသုံးပဲ အားရပါးရ လက်နဲ့ နယ်ဖတ်စားသောက်ကြတာပါ။ ဒါမှပဲ လက်ရည်တပြင်တည်း ဖြစ်တော့မလေ။ “ပုဏ္ဏားတို့ဘာသာ ဟာ ဟား ဟာ မြေညီညီ ဖက်ကိုခင်းလို့ ကုလားပဲဟင်းနဲ့ ပွဲတော်တည်။” လို့ ကလေးတုန်းက ဆိုကြပါရောလား။ ကိုယ်တို့ မြန်မာတွေကြိုက်တဲ့ သီးစုံကုလားဟင်းဆိုတာလည်း သူတို့ဆီက မွေးစားထားတာပဲ မဟုတ်လား။ ငါးရံ့ခေါင်းဒန့်ဒလွန်လည်း ချစ်တီးဆိုင် သွားစားစမ်းပါလေ။ လျှာလည်သွားစေရမယ်။ ဒန်ပေါက်ထမင်း ပြောဦးမလား။ အိန္ဒိယမြောက်ပိုင်းအစားအစာတဲ့။ သူတို့ကိုယ်တိုင်မချက်ရင် အရသာက ပြည့်ကိုမပြည့်စုံဘူး။ ထူးဆန်းတာက ကာလကတ္တားမှာ စားခဲ့တဲ့ ဒန်ပေါက်ထမင်းဟာ ရန်ကုန်ကဟာတွေလောက် ကောင်းကိုမကောင်းဘူး။ ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်လျှာကိုယ့်ဓလေ့နဲ့ ကိုက်ညီအောင် ချိန်ညှိထားလို့ နေမှာပေါ့။
ငယ်ငယ်က အိမ်မှာ ကြက်သားဟင်းချက်ရင် အမေက ဈေးထဲမှာ ဂေါ်ရင်ဂျီမဆလာ သွားဝယ်ခိုင်းတတ်တယ်။ အဲ့ဒါဆိုရင် ဆိုင်ကမေးရော၊ “ကြက်သားချက်မှာလား။ ငါးချက်မှာလား။” တဲ့။ ကြက်သားအတွက်ဆို တစ်မျိုး၊ ငါးအတွက်ဆို တစ်မျိုး ရှိတာကိုး။ သီးစုံကုလားဟင်းချက်ရင် နောက်တစ်မျိုး သပ်သပ်ရှိတယ်။ မဆလာချင်းအတူတူလို့ထင်နေရင် အိမ်တစ်ခေါက်ပြန် မေးရမယ်သာမှတ်။ အဲ့ဒီတော့ ကိုယ်တို့မိတ်ဆွေ အဘူကြီး အဘီကြီးတွေထဲမှာ ဂေါ်ရခါး၊ ချစ်တီး၊ ပန်ချာပီ၊ ဂေါ်ရင်ဂျီ သပ်သပ်စီ ရှိတယ် လို့ သတိထားမိလာတယ်လေ။ ဂဏန်းဂေါ်ရင်ဂျီချက်က နံမယ်ကြီးသလို အရက်ကို ဂေါ်ရင်ဂျီသောက်သောက်တယ် ဆိုတာလည်း ဆိုရိုးစကား ရှိတယ်။ ကိုယ်တို့အနောက်နယ်စပ်မှာရှိတဲ့ ဘင်္ဂလားသားတွေကိုကျတော့ ခေါ်တော လို့ ခေါ်ကြတယ်။ သိမ်ဖြူဂုံးတံတားကြီးကပ်လျက်က ကျူးကျော်ရပ်ကွက်ကိုတော့ ဘင်္ဂလီစု လို့ ခေါ်တာ။ ခေါ်တောတွေက အစားအသောက်နဲ့ ပတ်သက်ပြီး ဘာမှ ပြောစမှတ်မရှိပေမယ့် သူတို့မျက်လုံးရိုင်းကြီးတွေကြောင့် ခေါ်တောကြည့်ကြည့်တယ် လို့တော့ ဆိုရိုးစကားတော့ရှိတယ်။ “ကုလားကလယ် ငါးငဖယ်” လို့ဆိုကြတဲ့ ကလယ်ကုလားဆိုတာတော့ ဘယ်အရပ်က ကုလားလေးတွေကို ခေါ်တယ် မသိပါဘူး။ အဓိပ္ပါယ်ကတော့ ထုလေမာလေ၊ အင်မတန် အကြမ်းပတမ်းခံနိုင်တဲ့သူတွေလို့ ဆိုချင်တာ။ ပိုးဖဲ ဘရိုကိတ်နဲ့ ပတ်သက်ရင်တော့ စူရတီလုံချည်ဆိုတာ သိပ်ခေတ်စားခဲ့ဖူးသတဲ့။ အနောက်နိုင်ငံတွေမှာ နံမယ်ကျော်တဲ့ ကက်ရှမီးယားပုဝါလို နေမယ် ထင်တယ်။ ရှေးဟောင်းပစ္စည်းတွေ အရောင်းအဝယ်လုပ်တဲ့သူတွေကိုတော့ ကျူလီယာကုလား လို့ ခေါ်ကြတယ်။ ရန်ကုန်မြို့ ရွှေဆိုင်တန်းက ရွှေဘာဘူ စိန်ဘာဘူတွေကတော့ မာရဝါရီ နဲ့ မဂိုလူမျိုးတွေလေ။ ကိုယ်တို့သီပေါဘုရင်ကို ရတနာဂီရိ ပို့သလိုပဲ သူတို့မဂိုဘုရင်ကိုတော့ ရန်ကုန်ပို့ထားတာကြောင့် မဂိုလမ်းပတ်လည်က မာမူကြီးတွေဟာ မင်းဆွေမင်းမျိုး သူဌေးသူကြွယ်တွေ များတယ်။ ပလီချင်းတောင် မဂိုပလီက သူများပလီတွေနဲ့ မတူဘူးတဲ့။ စွန်နီ နဲ့ ရှိအိုက်ကလည်း ကွဲတာပဲလေ။
ငယ်ငယ်ကပေါင်းခဲ့ဖူးတဲ့ သူငယ်ချင်းကလေးကတော့ သူက ကုလားပေမယ့် ဘင်္ဂလားဘက်ကလာတဲ့ ကုလား မဟုတ်ဘူး။ ပါကစ္စတန်ဘက်က အမျိုးအနွယ်ကုလား လို့ ပြောတယ်။ အသားအရေ ရုပ်ဆင်းသွင်ပြင် မတူဘူး။ သူတို့မျက်ဝန်းက အညိုရောင်ဘက်သန်းတယ်။ အာသံ မဏိပူရဘက်က ကသည်းမျိုးတွေကျတော့ ကိုယ်တို့ မြန်မာနဲ့ တော်တော်တူတာ။ ကာလကတ္တားမှာ ဟင်ဒီစကားမပြောတတ်တဲ့ကိုယ့်ကို သူတို့က Assamese ကသည်းလား လို့ပဲ အမြဲမေးတယ်။ ကုလားဆိုတာ အသားမည်းမည်း အမွှေးထူထူ လို့ ထင်နေတာ မှားတယ်။ ကိုယ်တို့လို အဖြူတွေ အများကြီးပဲ။ မယုံရင် ကရီနာကာပူးကြီး ကြည့်ဗျား။ ဆွတ်ဆွတ်ဖြူတဲ့ ပုဏ္ဏေးမကြီးပါ။ သက်သတ်လွတ်ချည့်ပဲ စားတာတောင် အရပ်ကြီးက မိုးထိုးနေတယ်။ ကလေးဘဝတုန်းက တရှိုက်မက်မက် ဖတ်ခဲ့တဲ့ တစ်ထောင့်တစ်ညပုံပြင်တွေကို ကိုယ်တို့ခေါ်တဲ့ တခြားနံမယ် တစ်ခုရှိသေးတယ်။ ပသီပုံပြင်များ တဲ့။ ဇာတ်မင်းသားထဲမှာလည်း ပသီစိန် ဆိုတာ ရှိတယ်။ ကုလားက အကကောင်းလို့ ခေါ်တာတဲ့။ အဲ့လိုဆိုတော့ အဲသည်အရှေ့အလယ်ပိုင်းသားတွေကို ကိုယ်တို့က ပသီကုလားခေါ်တာနေမယ်နော်။ ဖာရစီ ဆိုတာလည်း ရှိသေးတယ်။ ဂျူးလူမျိုးတွေကိုလည်း ကိုယ်တို့က ယဟူဒီဆိုပြီး ကုလားမျိုးထဲ ထည့်ထားတယ်။
ကုလား ကုလားနဲ့ တကုလားတည်း ကုလားနေလိုက်တာ။ တော်တော်ကို လူမျိုးရေးခွဲခြားပြီး တဘက်သားကို ချိုးချိုးနှိမ်နှိမ် ခေါ်ဆိုနေတာပဲလို့ ထင်မယ့်သူတွေ အများကြီး ရှိပါတယ်။ ဒါဆိုရင်တော့ တော်တေ်ာကို ဗမာမဆန်လိုက်တာ လို့ ပြောရမှာပါပဲ။ ကိုယ်တို့ ဗမာစကားမှာ ကုလားလို့ခေါ်တာဟာ သူများကို ခွဲခြားဖိနှိပ်တဲ့ အနက် မပါပါဘူး။ အရပ်တပါးက ကူးလာရောက်ရှိနေထိုင်သူ လို့ပဲ ပြောလို့ရပါမယ်။ တရုတ်တွေကိုလည်း တရုတ်လို့ ပြောတာပဲလေ။ ချိုင်းနားလို့လည်း မပြောဘူး။ ချိုင်းနီးစ်လို့လည်း မခေါ်ဘူး။ ကိုယ်တို့တိုင်းပြည် အရှေ့ဘက်မှာ ရှိတဲ့သူတွေကို တရုတ်လို့ခေါ်တယ်။ အနောက်ဘက်မှာ ရှိတဲ့သူတွေကို ကုလားလို့ခေါ်မယ်။ အရှေ့တောင်ဘက်ကလူတွေကို ယိုးဒယားလို့ခေါ်မယ်။ ကိုယ့်ဘာသာစကားနဲ့ အများပိုင် နာမ်စားအဖြစ် ခေါ်ဝေါ်သုံးစွဲတာသာ ဖြစ်ပါတယ်။ သို့သော်လည်း လူတစ်ဦးတစ်ယောက်ကို “ဟဲ့ ကုလား။” “ဟဲ့ ကုလားမ။” လို့ ခေါ်ရင်တော့ အဲ့ဒါ မယဉ်ကျေးစွာ ဖိနှပ်ချိုးနှိမ်တာပေါ့။ ကိုယ်တို့ကိုလည်း ဘယ်သူကမှ “ဟဲ့ ဗမာ။” “ဟဲ့ ကရင်။” မခေါ်ဘူး မဟုတ်လား။ ကိုယ်တို့တတွေက လူတဘက်သားကို ဘယ်တော့မှ အဲသလို ခေါ်ဆိုလေ့မရှိပါဘူး။ ဘေတားလေး၊ ချွတ်ကရီးလေး၊ ဆာလားရေ၊ ကာစင်းဘိုင်၊ စသည်ဖြင့်သာ ရင်းရင်းနှီးနှီးခေါ်ဆိုလေ့ ရှိကြပါတယ်။
ကိုယ်တွေက သူတို့ကို နှိမ်မခေါ်သလိုပဲ သူတို့တွေလည်း ကိုယ်နဲ့စကားပြောတဲ့နေရာမှာ အထအနကောက် အထိမခံ ရွှေပန်းကန် ဆန်းဆန်းတင့် ဖြစ်မနေကြပါဘူး။ ဟိုတုန်းကတော့ ကြားကနေ သွေးထိုးခလောက်ဆန်မယ့်သူတွေမှ မရှိပဲကိုး။ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတိုင်းဟာ နိုင်ငံရေးမှောင်ရိပ်ခိုချင်လို့ မီးခွက်မှုတ်တဲ့အချိန်မှာ ဖြစ်လာတာချည့်ပါပဲ။ သူလည်းသူ့ဘုရားသူ ကိုးကွယ်တာ၊ ကိုယ်လည်းကိုယ့်ဘုရားကိုယ် ကိုးကွယ်တာ၊ အချင်းချင်း အပြန်အလှန် လေးစားသမှုနဲ့ စိုသောလက် မခြောက်အောင် ဆက်ဆံရမယ့်အစား အမျိုး ဘာသာ သာသနာအတွက် လို့ ခေါင်းစဉ်တပ်လိုက်ပြီး ကိုယ့်ဘာသာ ကိုယ့်သာသနာညစ်နွမ်းအောင် အကြမ်းဖက်လုပ်ရပ်တွေနဲ့ ယုတ်ယုတ်မာမာ လူအချင်းချင်း သတ်ဖြတ်တာကို ဘယ်ဘုရားသခင်ကမှ ကောင်းချီးမပေးပါဘူး။
စဉ်းစားကြည့်စမ်းပါလေ။ သည်လူတွေ ကိုယ့်ဆီလာနေတာ ကိုယ်တို့တိုင်းပြည်ကို အိန္ဒိယနဲ့အတူတူ ဗြိတိသျှအင်ပါယာအောက် ပေါင်းထည့်လိုက်ကတည်းကလို့ ဆိုရမှာမဟုတ်လား။ အဲ့သလောက် နှစ်ရှည်လများနေလာတာ သူ့အောက်လည်း ကိုယ်ရောက်မသွားဘူး။ ကိုယ့်တိုင်းပြည်ကြီးလည်း သူတို့ လွှမ်းမိုးမလာခဲ့ဘူး။ အိမ်နီးချင်းမိတ်ဆွေအဖြစ်နဲ့ပဲ နှစ်ရှည်လများ အတူနေထိုင်လာခဲ့ကြတယ်။ အိမ်နီးချင်းဆိုတာ အစဉ်သဖြင့် တစောင်းစေးနဲ့ မျက်ချေး တကျက်ကျက် ရန်ဖြစ်နေလို့မရဘူး။ မီးမသေ ရေမနောက် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံနေထိုင်ကြရမတဲ့။ အမျှော်အမြင်ရှိတဲ့၊ စဉ်းစားဆင်ခြင်ဉာဏ် ရှိတဲ့သူမှန်သမျှ သည်အတိုင်းပဲ ပြောလိမ့်မယ်။ လူကြီးဆိုတာ လူကြီးစကားပြောရတယ်လေ။ ဘဘဦးသိန်းစိန်မေးမေး၊ မယ်မယ်ဖျားမေးမေး၊ သည်လိုပဲ ဖြေစရာ ရှိတယ်။ သံတမန်ဆက်ဆံရေး၊ လူဝင်မှုကြီးကြပ်ရေး နဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ကိုယ့်စည်းနဲ့ကိုယ် လုံအောင်စောင့်ရတဲ့ ကိစ္စ။ ကိုယ့်ပြည်တွင်းမှာ ရှိနေတဲ့ အိမ်နီးချင်းတွေနဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ မြန်မာပြည်မှာ အတူကြီးပြင်းလာခဲ့သူတွေဟာ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုထားပြီးသားဆိုရင် မြန်မာနိုင်ငံသားပဲပေါ့။ သူများနိုင်ငံကလူတွေအတွက် ပုဆိန်ရိုး မဖြစ်ရဘူး။ ကိုယ့်နိုင်ငံကလူတွေကြားမှာလည်း သင်းကွဲမျောက် မဖြစ်ရဘူး။
အခုလတ်တလော ကာလမှာတော့ မင်းသားမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်မယ် ကြံတဲ့သူတွေက ဘာသာရေးကို ခုတုံးလုပ်မလို့ ဟိုကသည်က အစတွေ ဆွဲထုတ်လာတာ တွေ့ရပါတယ်။ ခံရပေါင်းများလို့ ရိုးနေတာတောင်မှ လမ်းမပေါ်ရွှေထုတ်ချလိမ်တဲ့နည်းလိုပဲ အပြိန်းစိန် အတုံးစိန်တွေကြားမှာ အလုပ်ဖြစ်နေတာ သိပ်အံ့သြဖို့ကောင်းတယ်။ သူတို့ကိုယ် သူတို့တော့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ အဖြစ် သိဒ္ဓိတင်ကြတာပေါ့လေ။ တစ်ခုတော့ မေးစမ်းပါရစေ။ “ကိုယ့်အမျိုးကိုယ် ချစ်တယ်” ဆိုတာ “သူများအမျိုးတွေကို သောက်မြင်ကပ်တယ်” လို့ ဘယ်လိုများ အဓိပ္ပါယ်ပြန်ယူလိုက်ပါလိမ့်။ ကိုယ့်ဘာသာကြီး အဓွန့်ရှည်ဖို့ သူများဘာသာကို ဖျက်ဆီးပစ်မှရမယ် ဆိုတာရော အဓိပ္ပါယ်ရှိသလား။ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့သူဆိုတာ တပါးသူတွေရဲ့ အခွင့်အရေးကို လိုက်နင်းခြေပစ်လို့ မရဘူး ဆိုတာရော သိရဲ့လား။ စိတ်နဲ့ငါနဲ့တော့ အကြီးအကျယ် ညစ်ရပါတယ်လေ။
ကိုယ်တို့မြန်မာပြည်ဟာ ပထဝီအနေအထားရ အာရှတိုက်မှာ အင်အားအကြီးဆုံး မျိုးနွယ်စုကြီးနှစ်စု ဖြစ်တဲ့ တရုတ် နဲ့ အိန္ဒိယကြားမှာ တည်ရှိတယ်။ အဲဒီအတွက် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ နှစ်ဘက်စလုံးက ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံ၊ လူနေမှုဘဝပုံစံ၊ အတွေးအခေါ် အယူအဆတွေကို အလိုလိုနေရင်း စိမ့်ဝင်စီးမျောပြီး ဆက်ခံကျင့်သုံးလာခဲ့တယ်။ ရွှေတိဂုံဘုရား ရင်ပြင်ပေါ်က ဂြိုလ်တိုင်တွေ၊ ဂြိုလ်သက်တွေ၊ ခြင်္သေ့ရုပ်ကြီးတွေဆိုတာ မဇ္ဈိမက ဟိန္ဒူဝါဒကအမွေတွေ မဟုတ်ဘူးလား။ နှစ်သစ်ကူးတာ အရင်းခံပြတော့ သင်္ကြန္တမင်္ဂလာဆိုတာကလည်း ဗြဟ္မာ့ဦးခေါင်းကြီး ကူးပြောင်းတာဆို။ ခေါင်းမရှိတဲ့နတ်မင်းကြီးကို ဆင်ဦးခေါင်း တပ်ပေးလိုက်ရတယ်ဆိုတာလည်း သူတို့ ဟိန္ဒူတွေရဲ့ မဟာပိန္နဲနတ်ကြီး ဖြစ်လာတာပဲ။ ဆိုကရေးတီးပြိုင်ပွဲမှာ ကကနေတဲ့ ရာမ၊ လက္ခဏ နဲ့ သီတာဆိုတာ ဟိန္ဒူဘုရားကျောင်းတွေမှာ အထင်ကရလေ။ ဟာနုမာန်ချည့်ပဲတောင် သပ်သပ် ကိုးကွယ်ကြသေး။ သူရသတီ၊ စန္ဒီ၊ ပရမီသွာ၊ ကွမ်ရင် အကုန်လုံး မြန်မာတွေ ရှိခိုးတဲ့ မယ်တော်ကြီးတွေ။ ကပ္ပိလဝတ်၊ သာဝတ္ထိ၊ ရာဇဂြိုလ်၊ ပါတလိပုတ်၊ ဥရုဝေလ၊ အဇပါလ၊ မုဥ္စလိန္ဒာ၊ ကုသိန္နာရုံ၊ ဗုဒ္ဓဝင်ထဲက ကြားဖူးသမျှ နံမယ် ပြောကြည့် ပြောကြည့်။ မြန်မာပြည်မှာ တစ်ခုမှ မရှိဘူး။
အယူဝါဒ၊ အတွေးအခေါ်၊ ယဉ်ကျေးမှုအားဖြင့် အနောက်ဘက်က လွှမ်းမိုးပေမယ့် ဗီဇသွေး ရုပ်လက္ခဏာမှာတော့ အရှေ့ဘက်ကို ခပ်ယိုင်ယိုင်ရှိတယ်။ လူပျိုပေါက်ကတည်းက သန်ချင်လွန်းလို့ ကြက်သွန်နီပွတ်ယူရတဲ့ ရင်ဘတ်မွှေး၊ ပါးသိုင်းမွှေးတွေက အိုသာသေတော့မယ်။ ငုတ်စိက တက်တာ မဟုတ်။ သည်တစ်သက်တော့ သူတို့လို မေးရိုးတွေ နားထင်တွေ စိမ်းလာအောင် ပေါက်စရာကို အကြောင်းမရှိ။ မျက်လုံးမျက်ဖန်ဆိုတာကတော့ ကြာလေမှေးလေ။ မျက်ရစ်ကလေး ပါတယ်ဆိုရုံ ရှိတာ။ ရယ်လိုက်ရင် မျက်ပေါက်တောင် ရှာမရတော့ဘူး။ ဒါပေမယ့် ကိုယ်တို့အမျိုးထဲ ဂန္ဓာလရာဇ်သွေး တစက်မှကို မပါဘူး။ မြန်မာဆိုတာ ရုပ်ရည်အားဖြင့် တရုတ်ဘက်ကို ပါသလိုမှတ်တာပဲ။ ရှမ်းပြည်ရောက်လို့ ပါးအို့လေးတွေ လက်ဖဝါးလေးတွေရဲတက်လာ၊ လောက်ကိုင်ရောက်တော့ “ယွဲ့လျန်းသိုက်ပျောင် ဝေါ်တက်ရှင်း” တွေဘာတွေ ဟစ်တတ်လာတဲ့အခါမတော့ တရုတ်လဝကကတောင် သူတို့လူမျိုးပဲ ထင်တော့တယ်။
သည်လိုအင်အားကြီး လူမျိုးစုနှစ်စုအလယ်မှာနေပြီး နှစ်ဘက်စလုံးက ကောင်းနိုးရာရာတွေ သားစဉ်မြေးဆက် အမွေခံလာရတဲ့ ကိုယ်တို့တတွေဟာ ဘယ်လောက်ကံကောင်းသတုန်း။ ညနေက စားတဲ့ ချစ်တီးထမင်းလေး အရသာခံသလို ခံကြည့်လိုက်။ သာသာယာယာ အေးအေးချမ်းချမ်းပဲ။ နောက်နေ့ကျတော့ ယူနန်ဟော့ပေါ့လေး စားချင်စားမယ်၊ ရိုးသွားတော့လည်း ထိုင်းစတိုင် ငါးကင်ကလေးကို သင်္ဘောသီးထောင်းနဲ့ပေါ့။ မတူကွဲပြားတယ်ဆိုတာ စုံလင်ခြင်း အရသာကို ပေးတယ်။ တစ်မျိုးတည်း၊ တစ်ပုံတည်း၊ တစ်ဖြတ်တည်း၊ တသမတ်တည်းဆိုတာ အင်မတန် ငြီးငွေ့စရာကောင်းတာ။ ကိုယ်ဟာ သူမဟုတ်ဘူး။ သူဟာ ကိုယ်မဟုတ်ဘူး။ သူရောကိုယ်ရော အပြန်အလှန် လေးစားမှုနဲ့ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်သွားရတာဟာ လောကကြီးရဲ့ တကယ့်အရသာပါ။ အဖြူအမည်းကားတွေကနေ ဆေးရောင်စုံရုပ်ရှင်တွေ ကြည့်လိုက်ရတော့ အရသာချင်း ဘယ်လိုကွာသလဲ။ ဆေးရောင်စုံမှာမှ ဘလူးရေးနဲ့ ကြည်တောက်ရှင်းအခွေတွေ ကြည့်ရတာ၊ 3D မျက်မှန်ကလေးနဲ့ Dolby Digital ရုံထဲမှာ ကြည့်လိုက်ရတာ၊ သူ့ရဲ့အရသာကလေ ဘယ်လိုပြောရမလဲ။ အိုအိရှိပေါ့။ လူသားတွေပွေလီလို့ မျိုးတုန်းပျောက်ကွယ်သွားရတဲ့ သတ္တမျိုးစိတ်၊ ဇီဝမျိုးစိတ်တွေ မနည်းတော့ဘူး။ ရှေ့ဆက်ပြီးတော့ လူသားမျိုးနွယ်စုတွေပါ မျိုးတုန်းပျောက်ကွယ် မသွားရလေအောင် စုံလင်ခြင်းရဲ့ရသကို ထိန်းထိန်းသိမ်းသိမ်း နေသွားကြဖို့ သင့်ပါပြီ။ အိမ်စာပေးလိုက်မယ်။ “Diversity” ဆိုတဲ့ စကားလုံးကလေးရဲ့ အဓိပ္ပါယ်ကို အတွေးနယ်ချဲ့ကြည့်လိုက်ကြပါဦး။ ကမ္ဘာကြီးမှာ လူသားတစ်မျိုးတည်းကျန်ခဲ့ပြီး ကျန်တာတွေ ပျောက်ကွယ်ကုန်ရင် ဘာဖြစ်ကုန်မလဲ။ ချစ်တီးခေါင်းသန်းရှာတယ်လို့ သဘောထားဦးမှာလား ဟင်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.